နမ္မတူ စက်တင်ဘာ ၁၈
နမ္မတူမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်သိန်း (၃၄၀) ကျော် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုများ အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား နမ္မတူမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၇၀၃)စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၃၄၀)ကျော်အား အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် နမ္မတူမြို့နယ်အတွင်း ပထမအကြိမ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးကို အခြေခံ အိမ်ထောင်စုပေါင်း (၁၁၉၂)စုအားလည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံ အိမ်ထောင်စု (၅၁၁)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၇၆)သိန်းကျော်အား လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အခြေခံအိမ်ထောင်စု (၁၇၀၃)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၃၄၀)ကျော် အားလည်းကောင်း၊ တတိယအကြိမ်အဖြစ် အခြေခံအိမ်ထောင်စု (၁၇၀၃)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၃၄၀)ကျော်အား လည်းကောင်း၊ ယခု စတုတ္ထအကြိမ်အဖြစ် အခြေခံအိမ်ထောင်စု (၁၇၀၃)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၃၄၀) ကျော်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)