သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

သီပေါ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာ၌  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှုတာဝန်ကိုယူထားရသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန့်ခွဲမှုသည်အလွန်အရေးပါကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုနှင့် ကြိုးစားအားထုတ်မှုတို့ပေါင်းစပ်၍ အလုပ်တာဝန်နှင့်စည်းကမ်းများကို တန်ဖိုးထားလေးစားလိုက်နာ၍ ဆရာ့ကျင့်ဝတ်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာနိုင်ငံတော်ကချမှတ်ထားသော မဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာလျှင်အရည်အချင်းရှိ အရည်အသွေးရှိပြီး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ် (၁၀၉)ဦး၊ အလယ်တန်းကျောင်းအုပ်(၆)ဦးနှင့် အထက်တန်းကျောင်းအုပ်(၉)ဦး၊ စုစုပေါင်း(၁၂၄)ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ(၃) ရက်နေ့မှ(၄)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၂)ရက်ကြာ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းနှင့်ကြီးကြပ်အကဲဖြတ် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)