သထုံ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် သက်မွေးအထောက်အကူပြု ဝရိန်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံက သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ယခုသင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များဖြင့် မိသားစု အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ကြစေလိုပြီး သင်ယူလေ့လာခဲ့သည်များကို ယခုထက်ပိုမို ကျွမ်းကျင်အောင် ဆက်လက်လေ့လာကြရန်လည်း လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသမှ သင်တန်းသားများဖြစ်သည့်အားလျှော်စွာ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဝရိန်ပညာရပ်ဖြင့် အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဦးဉာဏ်မိုးနိုင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းမှာ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်၍ (၁၅)ရက်ကြာ အခမဲ့ စရိတ်ငြိမ်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၁၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)