ကာမိုင်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၁၁၅ တင်းထွက်ရှိ

ကာမိုင်း နို၀င်ဘာ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်စီးအင်းကျေးရွာအုပ်စု၌ တောင်သူ ဒေါ်ခင်စန်းရင်၏ လယ်မြေကွင်းအမှတ် (၁)၊ ဦးပိုင်အမှတ် (၂၁)ရှိ စိုက်ဧက (၁၀)ဧကတွင် ယနေ့ နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆင်းဧကရီ-၃ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်အောင်မိုးနှင့် ဝန်ထမ်းများ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်နှင့် တောင်သူများက ပါဝင်ပူးပေါင်းရိတ်သိမ်းခဲ့ကြပြီး ဆင်းဧကရီ-၃ မိုးစပါးစံကွက် တစ်ဧကလျှင် တင်း ၁၁၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ကာမိုင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆)အုပ်စုရှိ၍ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် စပါးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို တောင်သူများက အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ အခြားစပါးမျိုးများဖြစ်သည့် ဧရာမင်းနှင့် ကောက်ညှင်း စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လဆိုင်း(ပြန်/ဆက်)