ပူတာအိုဒေသထွက် ကျောက်ဂျပိုး(ခေါ်) အင်းဆက်ကောင်များ ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့် ကျောက်ဂျပိုးရှာဖွေသူများပြား

ပူတာအို နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ဂျပိုး(ခေါ်) အင်းဆက်ကောင်များအား ယခင်နှစ်ထက် ဈေးကောင်း ပေးဝယ်သဖြင့် ကျောက်ဂျပိုးရှာဖွေသူများပြားလာကြောင်း ဒေသခံပြည်သူများထံမှ သိရ သည်။

“အခုတလော ပူတာအိုဒေသမှာရှိတဲ့ ချောင်းတွေမှာ ကျောက်ဂျပိုးဖမ်းကြကောက်ကြတာ အပြိုင်အဆိုင် ပါပဲ။ နို့ဆီဘူးတစ်ဘူးကို တစ်သောင်းနဲ့ တစ်သောင်းခွဲဝန်းကျင်မှာ ဈေးပေါက်ပါတယ်။ ကျောက်ကပ် ဆေးလို့တော့ပြောကြတယ်။ အရင်ကဈေးမရှိပါဘူး။ နို့ဆီဘူးတစ်ဘူးကို ငါးရာကျပ်ရှိတဲ့ အချိန်ဆို စားချင်ရင်ဝယ်စားကြတယ်။ အခုက ဈေးကြီးတော့ မဝယ်စားနိုင်တော့ဘူး။ ကျွန်တော်တို့ ပူတာအို ဒေသအတွက် ဘုရားပေးတဲ့ကောင်းကြီးတွေပါပဲ။ ရာသီအလိုက်တစ်ခုပြီး တစ်ခုအပိုဝင်ငွေရှာဖို့ ရှိတယ်။ တစ်ခုပြီးတစ်ခု တစ်မျိုးပြီးတစ်မျိုးဈေးရှိလာတယ်” ဟု ကိုအောင်ရမ်က ပြောသည်။

ပူတာအိုဒေသတွင် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိသာတွေ့ရှိရသည့် ကျောက်ဂျပိုး (ခေါ်) အင်းဆက်နွယ်ဝင် အမျိုးအစားဖြစ်ပြီး အကောင်ကြီးနှင့် အကောင်သေးဟူ၍ နှစ်မျိုးရှိရာ အကောင်အသေးအမျိုး အစားတစ်မျိုးသာလျှင် ဈေးနှုန်းပိုရရှိကြောင်း သိရသည်။

ကျောက်ဂျပိုးကို ယခင်နှစ်က နို့ဆီဘူးတစ်ဘူးလျှင် ခုနှစ်ထောင်ကျပ်နှင့် တစ်သောင်းကြားဈေးရရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် တစ်သောင်းနှင့် တစ်သောင်းခွဲကြားနှင့် တစ်ပိဿာလျှင် တစ်သိန်း ခုနှစ်သောင်းနှင့် နှစ်သိန်းဈေးရရှိသဖြင့် မြစ်ချောင်းကမ်းစပ်များတွင် ကျောက်ဂျပိုးရှာဖွေသူများပြား လာခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးအင်းဆက်ကောင်များသည် လူသူအရောက်အပေါက်နည်းသော ချောင်းများ ချောင်းစပ် ကျောက်ကြိုကျောက်ကြားများတွင် ခိုအောင်းနေထိုင်လျက်ရှိပြီး မနက်ပိုင်းတွင် ကျောက်ခဲများကို လှန်၍ ရှာဖွေရသလို ညနေ ပိုင်းအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ စကာခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိ ကြောင်း သိရသည်။

အဆိုပါ ကျောက်ဂျပိုးအင်းဆက်ကောင်များသည် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင်စသည့် မြို့နယ်များရှိ မုန်လန်ချောင်း၊ နမ်ရင်ချောင်း၊ ကဆန်ချောင်းနှင့် မေခ၊ မလိခမြစ်တို့တွင် အဓိကထွက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)