နောင်ချိုမြို့နယ်တွင် အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေး  ဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီ အချိန်က ကျောက်ကြမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန် က ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသောက်ကုန်များ ဝယ်ယူစားသုံးရန်မသင့်သည့် အစားအစာများကို ဝယ်ယူစားသုံးမိပါက ခံစားရမည့် ရောဂါဆိုးကျိုး များအကြောင်း၊   စားသုံးသူများအတွက်  နစ်နာဆုံးရှုံးမှု မရှိစေရန် ဆောင်ရန်၊ ရှောင်ရန်များ ၊ စားသုံးရန် သင့်၊ မသင့်၊ မုန့်မျိုးစုံ၊ အချိုရည်များတွင် သက်တမ်းလွန် ကုန်အညွှန်းအမှတ်တံဆိပ်နှင့် ထောက်ခံချက် ပါရှိခြင်း ရှိ/မရှိ စစ်ဆေးပြီးမှ ဝယ်ယူစားသုံးနိုင်ကြောင်း အစရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အစားအစာဘေးကင်းလုံခြုံရေး၊ စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးပေါင်ခန့်လန်က ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောက်ကြမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)