ကာလိ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား Mobile Application KBZ Pay များမှတဆင့် ထောက်ပံ့ကြေးများဆောင်ရွက်လျှက်ရှိရာ KBZ Pay များကနေ ထောက်ပံ့ကြေး ထုတ်ယူရန် အခက်အခဲရှိသူများကို ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်ခန့် က ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ကြေးပေးအပ်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နမ့်စန် ကမ္ဘောဇဘဏ်ခွဲ တာဝန်ရှိသူများတို့က ဝမ်ဖိုင်ကျေးရွာအုပ်စု၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ကာလိမြို့ပေါ်ရှိ(၆)ရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတို့အား လက်ဝယ်အရောက် ငွေသားဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ခြင်း ဆောင်ရွက်ရာတွင် ကိုယ်ဝန်(၆)လနှင့်အထက် ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်တို့ အား တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် (၆)လစာ (၉၀၀၀၀)ကျပ်၊ ကိုယ်ဝန်(၆)လအောက် ကိုယ်ဝန်ဆောင် မိခင်များကို (၆)လစာ ကျပ် (၄၅၀၀၀)နှုန်းဖြင့် ငွေသားဖြင့်ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)