သီပေါ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များ သက်တမ်းတိုးနှင့် စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး စိစစ်ရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ၊ အသားထုတ်လုပ်ရောင်းချခြင်း လုပ်ကိုင်ခွင့်စိစစ်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် အသားထုတ်လုပ် ရောင်းချခွင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းဆွေးနွေးရာတွင် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်လုပ်ကိုင်ခွင့် ရရှိသူများ အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရန်၊ သတ်မှတ်ထားသော သားသတ်ရုံများတွင်သာ သားသတ်ရန်၊ သားမသတ်မီ သားကောင်အား မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စစ်ဆေးမှုခံယူပြီးမှ သားသတ်ရန်နှင့် သတ်ဖြတ်ရန် သတ်မှတ်ပေး ထားသော သားကောင်ကိုသာ သတ်ရန်စသည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ယင်းနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး စိစစ်ရောင်းချရေး ကော်မတီနှင့် သားသတ်ထုတ်လုပ်ရောင်းချခွင့် စိစစ်ချ ထားရေးအဖွဲ့မှ လိုင်စင်အလိုက် လျှောက်ထားသူတစ်ဦးချင်းအား သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိသောလုပ်ငန်းလိုင်စင်(၂)ခုနှင့် သက်တမ်းတိုးလုပ်ငန်း(၁၆)ခု၊ စုစုပေါင်း(၁၈)ခုအား စိစစ်ရောင်းချ ပေးခဲ့ကြောင်းနှင့် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ (၁၇)ခုအတွက် လုပ်ငန်းရှင်(၂၁)ဦးအား တာဝန် ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)