လှည်းကူးမြို့နယ် ရွှေတောင်ပံကျေးရွာတွင် နေကြာမျိုးစေ့များတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ခြင်းနှင့်တောင်သူ ပညာပေး​ဆွေး​နွေးပွဲကျင်းပ

လှည်းကူး  နိုဝင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်​ဒေသတွင်း စားသုံးဆီဖူလုံ​မှုရှိ​စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက နေကြာမျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲကို လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ရွှေတောင်ပံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါနေကြာမျိုးစေ့များပေးအပ်ခြင်းနှင့် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကိုလျာထားချက် ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနည်း စနစ်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနေကြာမျိုးစေ့များကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။ ထို့နောက်နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေးအကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်း​​​ပြောကြားခဲ့​ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)