ဆီဆိုင်မြို့တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့်အသား ထုတ်လုပ်ရောင်းချခွင့်လက်မှတ်စိစစ်ချထားခြင်း ဆောင်ရွက်

ဆီဆိုင်     စက်တင်ဘာ         ၁၈

ထိုက်သင့်သည့် စည်ပင်သာယာရေးအခွန်အခများ ရရှိစေရန်၊ သားသတ်လုပ်ငန်းအနေဖြင့် စားသုံးသူများ ကျန်းမာရေးနှင့် ညီညွှတ်သည့် အသားများလွယ်ကူစွာ စားသုံးနိုင်စေရန်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ဆီဆိုင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စိစစ် ချထားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၁၀ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်စည်ပင်သာယာ ရေး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန် က အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ် စိစစ်ချထားခြင်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင်များဖြစ်ကြသော ဆီဆိုင်ပျံကျ ဈေးကောက်၊ ဆီဆိုင်မြို့အဝင်ဘီးကောက်၊ ဆီဆိုင်ကျွဲ/ နွားပွဲဈေးကောက်၊ ဆီဆိုင်မြို့မ ဈေးအိမ်သာ ကောက်၊ ဆီဆိုင်မြို့မအပေါင်ဆိုင်၊ ဆိုက်ခေါင်ပျံကျဈေးကောက်၊ ဆိုက်ခေါင်ကျွဲ/နွားပွဲ ဈေးကောက်၊ ဘန်းယဉ်ကျွဲ/နွားပွဲဈေးကောက်၊ ဘန်းယဉ်ဈေးယာဉ်ရပ်နားခ၊ နောင်မွန်ပျံကျ ဈေးကောက်၊ နောင်မွန်ဈေးယာဉ်ရပ်နားခ၊ ဆိုက်ခေါင်ကျေးလက်ဈေးလိုင်စင်တို့အား သက်တမ်းတိုးစနစ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး စုစုပေါင်း အရပ်ရပ်အခွင့်အရေးလိုင်စင်ကြေးရငွေကျပ် ၄၅၇၁၉၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် သားသတ်လုပ်ငန်း ၁၁ ခု၊ လုပ်ကိုင်ခွင့်ပြု လျှောက်ထားသူ(၁၉)ဦးတို့အား အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်များကို မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)