မိုင်းခုတ် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ် ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပရခြင်းနှင့် ပတ်သတ်၍ ပြည်သူအများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ် စေရန်နှင့် အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)