ဗဟန်း နိုဝင်ဘာ ၃
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့၊ နံနက် (၁၁) နာရီက ဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်အနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်မှူးက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အမျိုးသားနေ့ကို အစဉ်အမြဲသတိရစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာရေးဆရာ ရန်ကင်းကိုကိုလေးက မြန်မာတို့၏အမျိုးသားရေး ယဉ်ကျေးမှုဇာတိမာန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမ ဒေါ်ရခိုင်ဝင်းက အမျိုးသားနေ့တို့မမေ့ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စန္ဒာမိုး