မိုးကုတ် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိဘပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၂)နာရီအချိန်က မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ဘုတ်တွင် အသိပညာပေး ဗီနိုင်းများ ပြသခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသူများ၊ အသက်(၁၀)နှစ် ပြည့်ပြီး သတ်မှတ်အသက်အပိုင်းအခြား လဲလှယ်ရန် လိုအပ်သူများ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁)ခုထက် ပိုမိုမကိုင်ဆောင်ရန်၊ (၁)ခုထက် ပိုမိုကိုင်ဆောင်ခဲ့လျှင် အမြန်အပ်နှံရန် စသည့် အချက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်သည့် အချက်(၆)ချက်တို့အား နီးစပ်ရာမြို့နယ် လဝကရုံးများတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အမြန်ဆုံးသွားရောက် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ဗီနိုင်းအား လမ်းသွားလမ်းလာ အများပြည်သူများ စာပေဝါဿနာရှင်များမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး လက်စောင်အား စောင်ရေ(၅၀၀) အခမဲ့ ဖြန့်ဝေခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)