မိုင်းခုတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ မြင်းခြံကျော်အောင် (ခ)သန်းထက်စံ ရေးသားသည့် ''ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကြီးပွားအောင်မြင်၍ အတိုးတက်ဆုံးလူဖြစ်လိုပါက ပထမကအတွေးလှဖို့လိုအပ်ကြောင်း၊ ကောင်းတဲ့အတွေး၊ အကောင်းမြင်အတွေး၊ ရွှင်လန်းဝမ်းသာစရာအတွေး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့ အတွေးတွေးရမှာဖြစ်ကြောင်း၊ အတွေးလှပတာနဲ့ အလိုဆန္ဒဟာလည်း လှပလာမှာဖြစ်ကြောင်း၊ ငါအောင်မြင်အောင်လုပ်မယ်၊ ငါဒီပညာကို ကျွမ်းကျင်ပိုင်နိုင်ရမယ် စသဖြင့် အလိုဆန္ဒပြင်းပြင်းပြပြရှိရမှာဖြစ်ကြောင်း၊ အတွေးလှမယ်၊ အလိုဆန္ဒလှမယ်ဆိုရင် အလုပ်ကလည်း လှပလာမှာဖြစ် ကြောင်း၊ အလုပ်လုပ်ရာတွင် တက်ကြွတဲ့စိတ်၊ ရိုးရိုးသားသားကြိုးကြိုးစားစားလုပ်တတ်တဲ့ စိတ်ဖြင့်လုပ်ပါက အောင်မြင်ကာ အတိုးတက်ဆုံးလူအဆင့် ရောက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။  ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ စာအုပ်ပါ ကြီးပွားအောင်မြင်ရေး အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)