ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၂

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၀)နှင့်အထက် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျူတောဝကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်က အရွယ်ရောက်လာသူများအနေဖြင့် အိမ်ထောင်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်စေရေးအတွက် ဆွေးနွေးပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလွင်က မြို့နယ် အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးနိုင်ခဲ့မှုအခြေအနေများ၊ ယနေ့ အချိန်တွင်လည်း ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေး ပြုလုပ်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အသက်(၁၀)နှစ်နှင့်အထက် ကလေးငယ်(၇၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လက်ဗွေခပ်နှိပ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တစ်ပါတည်းထုတ်ပေးခဲ့ကြပြီး မှတ်ပုံတင် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ရက်တိုးမြှင့်သတ်မှတ်ခြင်းဆိုင်း ဘုတ်အား မြို့လည်ရှိနာရီစင်အနီးတွင် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့များက စုပေါင်းစိုက်ထူပေးခဲ့ ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)