ဂွ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် သြဝါဒကထာ နာကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခြင်း၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကထိန်သင်္ကန်း၊ ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်ထံမှ သံဃာများအား ရည်စူး၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်