ပုဏ္ဏားကျွန်းမြို့၌ (၂၂) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပင့်ဖိတ်ထားသော ရဟန်းသံဃာတော်များနှင့် ဧည့်ပရိတ်သတ်တိုက နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားရှိခိုး ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ကွန်းတောင်မြောက် ကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည်ပြီး၊ သံဃာတော် အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္ဇျာယ်ခဲ့ကြသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)တို့က ကထိန်လျာမြတ်သင်္ကန်းကို ရှင်တော်ကျောင်း တိုက် အရှင်သူမြတ်အား ဆက်ကပ်လှူဒါန်းပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်တို့က ကထိန်အရံသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္က၊  သာသနဓဇဓမ္မစရိယ၊ မဟာဂန္တဝါစက ဘွဲ့တံဆိပ်တော်ရ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ ကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစီရံတိတု (၃)ကြိမ် ရွတ်ဆိုဆုတောင်းခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စေတနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ပင့်သံဃာတော်(၁)ပါးအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ အပါအဝင် စုစုပေါင်းငွေကျပ် (၆၈၇၆၀၀ဝိ/) တိတိကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)