(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ   နိုဝင်ဘာ ၂

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော်အဆင့်လွတ်လပ်ရေးနေ့ အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ပြည်နယ်အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ တင်ဆက်ပြသမှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  အဆိုပါဂုဏ်ပြုအလှပြယာဉ်ကြီးတွင် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုအတွင်း တည်ရှိနေသော ပြည်နယ်တစ်ခုအနေဖြင့် ပြည်နယ်၏ဂုဏ်ကို ဖော်ဆောင်နိုင်မည့် Land Mark များ ထည့်သွင်းရေး၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသူများအပါအဝင် ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များကိုထည့်သွင်း ဖော်ပြရန်နှင့် ဒေသစားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အကူပြု နိုင်မှုများကိုလည်း ထည့်သွင်းဖော်ပြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဂုဏ်ပြု ယာဉ်တွင် ပြသထားသော ပြကွက်များ၏ ရည်ရွယ်ချက်အကျဉ်းချုပ်နှင့် ပြည်နယ်၏ ဂုဏ်ကိုဖော်ဆောင်မည့်ပြကွက်များအပါအဝင် ဆောင်ရွက်မည့်အစီ အမံများကိုလည်း စနစ်တကျရေးဆွဲ ဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ ပြခန်းများခင်းကျင်း ပြသရာတွင်လည်း ပြည်သူများစိတ်ဝင်စားဖွယ်ဖြစ်စေရေးနှင့်ခန့်ညားထည်ဝါစေရေး၊ မိမိတို့ပြည်နယ်၏ ရိုးရာဓလေ့ထုံးစံများ၊ထူးခြားသောရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက္ခဏာများတို့ကို စုံလင်စွာ ပြသနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာ ကော်မတီများနှင့် ချိတ်ဆက်ပြီး သတ်မှတ်ချိန်အမီ ခင်းကျင်းပြသနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ထားစေလိုကြောင်းနှင့် အထူးသဖြင့် သက်ဆိုင်ရာ ကော်မတီများ၏ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာပြီး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ထားရှိမှု၊ ယခင်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ကြုံခဲ့သည့် အသာချက်၊ အားနည်းချက်များ စသည်တို့ကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးက ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆွေးနွေးပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်းနှင့်လုပ်ငန်းများအကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီများဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မိမိတို့တာဝန်များကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)