ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးမဥ္ဇူက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြောင်း၊
သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပာယ်ရပြီး ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်းရနိုင်ကြောင်း၊ ကထိန်ခင်းခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ဒုတိယဦးစီးမှူးဒေါ်စန္ဒာက ပြောကြားရာတွင် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ပွဲတော်များဟူ၍ ခုနှစ်မျိုးခန့်ရှိကြောင်း၊ တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုရမည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)