တံတားဦးမြို့တွင် လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တံတားဦး နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး  ဦးကြည်မိုးဝင်းက နိုင်ငံ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက်  လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါကြောင်း ပြောကြားပြီး တံတားဦးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန  မြို့နယ် အားကစားမှူး ဒေါ်ငယ်သူထွန်းက လူငယ်နှင့် အားကစားအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက  Physical Fitress Dance အကဖြင့် သရုပ်ပြပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ကံစမ်းဖောက်ပေးပြီး မဲပေါက်သူများကို ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ အဆိုပါကံစမ်းမဲများတွင် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၅)လုံး ၊ ဘော်လီဘော(၅)လုံး ၊ ပိုက်ကျော်ခြင်း(၅)လုံးနှင့် အင်္ကျီ(၁၅)ထည်တို့ ပါဝင်ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)