အထက-ခွဲ(လွယ်ယင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(လွယ်ယင်း)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အငယ်တန်းစာရေး ဒေါ်မြူးမြူးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များနှင့် ပြန်/ဆက်ဦးစီးဌာန၏ နယ်လှည့်လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် စကားပုံဆက်ခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)