မြစ်သား နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်မှ သင်တန်းဖွင့် အမှာစကား ပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှလည်း ထပ်ဆင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေး တိုးတက်မြင့်မားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ မိမိဘဝ တိုးတက်မြင့်မားရေးအတွက် ကြိုးစားကြစေလိုကြောင်း သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများ၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းကို နိုဝင်ဘာလ(၂)ရက်နေ့မှ (၁၆)ရက်နေ့ထိ သင်တန်းကာလ (၁၅)ရက်ကြာ နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄)နာရီ အချိန်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲနိုင်ဦး(မြစ်သား)