ပုဗ္ဗသီရိမြို့နယ်၌ ကျွဲ/နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပုဗ္ဗသီရိ နိုဝင်ဘာ ၂

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ထိန်းချူပ်ရေးစီမံချက်အဖြစ် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ပြီး ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

“ပုဗ္ဗသီရိမြို့နယ်အတွင်း စီမံချက်ဝင်ကျေးရွာ ၄၃ ရွာမှာရှိတဲ့ ကျွဲ၊ နွား ကောင်ရေ ၅၀၀၀ ကျော်ကို ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ခွာနာ၊ လျှာနာရောဂါဟာ ကျွဲ၊ နွားတွေအပေါ် ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေနိုင်တဲ့အတွက်   ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးကို စီမံချက်အနေနဲ့ (၆) လ တစ်ကြိမ် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဒါ့အပြင် တိရိစ္ဆာန်များတွင် ရာသီမရွေး၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အချိန်မီဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း"   မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး  ဒေါက်တာမြင့်သိန်း က ပြောကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးထိုးနှံမှုကို အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်၍ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအတွင်းရှိ နွားကောင်ရေ (၁၃၀) ကောင်အား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗသီရိ)