ကျောက်ဖြူ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့် စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ဦးစီးဌာန ရုံးဝန်ထမ်းများက စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ ဦးစီးဌာနရုံးများသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)