တောင်ကုတ်မြို့နယ်၌ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်ကျင်းပ

တောင်ကုတ်   နိုဝင်ဘာ  ၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ တော်လှည့်လည်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့သည်။

စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု(၆၆)အုပ်စုမှအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ယာဉ်ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၃၁) ပင်နှင့် အလှူဝတ္တုများ၊ သင်္ကန်းများဖြင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ မြို့တွင်းသို့စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြသည်။

စုပေါင်းမဟာဘုံကထိန်ကပ်လှူပွဲ အခမ်းအနားကို နိုဝင်ဘာ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မာရုံတွင် ဘုန်းတော်ကြီးကျောင်း(၃၁)ကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းသွားမည်ကြောင်း သိရသည်။

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)