မိုင်းကိုင် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း ကွင်းဆင်းအဖွဲ့သည် ယနေ့နေ့လည်ပိုင်းက ဆင်ခြေဖုန်းအရှေ့ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ဖောင်းမိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာတွင်းလမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း၊ ကျေးရွာမြေငှားဂရန်ပြုလုပ်ပေးရေး စသည့်ဒေသဖွံဖြိုးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများကို ချပြဆွေးနွေး၍ အသိပညာပေးခြင်းများဆောင်ရွက်ရာ ဒေသခံပြည်သူများက မိမိတို့၏လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသဖြင့် သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးခြင်း၊ မိဘပြည်သူများနှင့်ကလေးများအား ကျန်းမာရေးပြုစု စောင့်ရှောက်ပေးခြင်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ကျေးရွာနယ်နိမိတ်မှတ်တိုင်များ စိုက်ထူပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)