နမ့်ဆန်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

နမ့်ဆန် နိုဝင်ဘာ ၂ 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံများနှင့်လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လမ်းဆုံများ၊ မြို့ပေါ်ရပ်ကွက်များရှိပြည်သူများ၊ လမ်းသွားလမ်းလာနေသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများနှင့် အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအတိုင်း ပြန်လည် လဲလှယ်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ) တစ်ခုထက်ပို၍ ကိုင်ဆောင်ထားပါက ပြန်လည်အပ်နှံကြရန်၊ ကတ်အပိုများကို သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမပြုက နောက်ဆုံးထုတ်ယူသော နိုင်ငံသားစိစစ်ရေးကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းမည့် အခြေအနေများ စသည့်များကိုသိရှိနိုင်ရန် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)