COVID-19 စီးပွားရေးကုစားမှု(CERP)အရ IDPs စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်

မူဆယ်     စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်)၊မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲ ရှောင်ပြည်သူ များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  COVID-19 စီးပွားရေး ကုစားမှု(CERP)အရ  အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန် ထောက်ပံ့‌ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။     

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ၊ IDPsစခန်း(၆)ခုမှှ စခန်းတာဝန်ခံများနှင့် တိုက်ပွဲရှောင်ပြည်သူအချို့ တက်ရောက် ခဲ့ကြပြီး COVID-19 စီးပွားရေးကုစားမှု(CERP)အရ  အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၄၀၀၀၀/)နှုန်းစီဖြင့် အိမ်ထောင်စု(၃၉၈)စု အတွက် ငွေကျပ်(၁၅၅၆၀၀၀၀/-)ကို IDPs စခန်းတာဝန်ခံများမှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။   

ထို့နောက် မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် IDPsစခန်း (၆) ခုမှှ တိုက်ပွဲ ရှောင်ပြည်သူများအား COVID-19ရောဂါကာကွယ်နိုင်ရန် ရေအိမ်များသန့်ရှင်းစေရေးအတွက် ပတ်ဝန်းကျင်တွင် ထုံးများဖြူးနိုင်ရန် စခန်းတစ်ခုလျှင်ထုံးအိတ်(၁၀)အိတ်နှုန်းဖြင့် ထုံးအိတ်(၆၀) အိတ်ကိုလည်းကောင်း၊ တိုက်ပွဲရှောင် ပြည်သူတစ်ဦးလျှင် ဆပ်ပြာခဲ(၄)ခုပါ ဆပ်ပြာတောင့်(၁) တောင့်နှုန်းဖြင့် လူဦးရေ(၁၈၈၆)ဦးအတွက် ဆပ်ပြာ(၁၈၈၆) တောင့်ကိုလည်းကောင်း IDPs စခန်း (၆)ခုသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။                                     

စန္ဒာ(ပြန်/ဆက်)