မိုင်းကိုင်မြို့နယ်၌ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ပစ်ကွင်းနေရာ ကွင်းဆင်းကြည့်ရှု

မိုင်းကိုင် နိုဝင်ဘာ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ပစ်ကွင်းနေရာနှင့် အမှိုက်ပစ်ကျင်းများကို စနစ်တကျတူးဖော်သတ်မှတ်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယနေ့မနက်ပိုင်းက အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ  ယာယီအမှိုက်ပစ်ကွင်း နေရာများသို့  ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့ပေါ်ရပ်ကွက်အတွင်း အိမ်တွင်းစွန့်ပစ်အမှိုက်သရိုက်များကို သတ်မှတ်အမှိုက် ပစ်ကွင်း၊ အမှိုက်ကျင်းနေရာများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး ကျင်းတူးဖော်မည့်နေရာအား ရွေးချယ်သတ်မှတ်ခြင်း၊  အမှိုက်ပစ်ကွင်းရှိ အမှိုက်များကို မီရှို့ဖျက်ဆီးပစ်ရန်နှင့်  အမှိုက်မပစ်ရနယ်မြေ  ဆိုင်းဘုတ်များ  တပ်ဆင်ရန်၊ အသိပညာပေး ဆော်ဩမှုများဆောင်ရွက်ရန်၊  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များကို  ထိရောက်စွာ အရေးယူရန်၊ အများပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေး၍ ဆုံးဖြတ်ချက်များ ရယူနိုင်ရန်အတွက် မြေပြင်အထိ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)