မိုင်းဆတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်ကျော်က မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်၊ အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်များ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် စိတ်ပါဝင်စားသူများစုစည်း၍ အရန်မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ရေးမွမ်းမံ သင်တန်းကို ကြိုးစားလေ့ကျင့် သင်ကြားစေလိုကြောင်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြောကြားခဲ့သည်။
ဆက်လက်၍ အရန်မီးသတ်တူညီဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့ကပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က လက်ခံရယူခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)၌ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦးအား နိုဝင်ဘာလ(၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)