ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပေါက်တော နိုဝင်ဘာ  ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက နာရေးအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ကျောက်ဆိပ်ဆရာတော်ကြီးထံမှ ငါးပါးသီလတော်မြတ်ကို ဆောက်တည်ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဖော်သူက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်လှရွှေက အရင်းမပျက် ဆေးဆိုင်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခြင်း၊ အသင်းအတွင်းရေးမှူး ဦးစောလှမောင်က အလှူငွေလက်ခံရရှိခြင်းနှင့် ပတ်သက်၍​ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ကျောက်ဆိပ်ဆရာတော်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပေါက်တောမြို့နယ် သံဃာ့နာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး  ယနေ့အထိ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၁)ပင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် ဆေးပဒေသာပင်ပေါင်း (၇၁)ပင် ရရှိပြီး ဖြစ်ကြောင်းနှင့် ထပ်မံပါဝင်လှူဒါန်း နိုင်ပါ​ရန် အသိပေးနှိုးဆော်လျက်ရှိကြောင်း ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အမှုဆောင်ကော်မတီဝင်များထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)