မိုင်းဖြတ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးမတည် ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်​နေ့  နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို   မိုင်းဖြတ်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ဒေသတွင်းမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းပြီး အမှာစကားပြော ကြားခဲ့သည်။  ထို့​​နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေါက်တာထွန်းဇော်ဝင်းက မြို့နယ် နိုင်ငံစီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေ စီမံကိန်းကြီးကြပ်မှု​ကော်မတီ ဖွဲ့စည်းနိုင်​ရေး၊ စိမံကိန်းဖြင့်အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ယင်း​နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်းရွှေက နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ပြောကြားပြီး  တက်ရောက်လာကြသည့် ဟိုနားကျေးရွာမှ မွေးမြူရေးလုပ်ငန်းရှင်များက ​မွေးမြူ​ရေးလုပ်ငန်း များကို အကြံပြုဆွေးနွေးခဲ့ကြသည်။  ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊  ဒေါက်တာထွန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက ​ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့်​ဆောင်ရွက်မည့် ​ဝက်မွေးမြူ​ရေးခြံများသို့ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့်  မြို့နယ်အတွင်းရှိ ဝက်​မွေးမြူ​ရေးလုပ်ငန်းရှင် အစုအဖွဲ့ (၂)ခုက ဝက်​ကောင်​ရေ (၃၅၀)ထပ်တိုး​မွေးမြူသွားမည်ဖြစ်​ကြောင်း ​ဒေါက်တာထွန်း​ဇော်ဝင်းထံက သိရသည်။

သန်းထွန်အေး