မန့်ဟီးရိုး စက်တင်ဘာ ၁၈
နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင် ရန်ဒေသခံရှမ်းလူမျိုးများကိုသာအထူးရဲခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မန့်ဟီးရိုးမြို့တွင် နေထိုင်ကြသောဒေသခံပြည်သူများသည် ရှမ်းလူမျိုးများဖြစ်ကြပြီး မဲရုံများတွင် လာရောက် မဲပေးသည့်အခါ အကူအညီဖြစ်စေရန်နှင့် မဲရုံအတွက်အထောက်အကူ ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ရှမ်းလူမျိုး အထူးရဲများကိုသာခန့်အပ်သွားမည်ဖြစ်ကြောင်း၊ မန့်ဟီးရိုး မြို့တွင် လျာထားမဲရုံ(၉)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၉)ဦးနှင့် အရံရဲ(၁)ဉီး ပေါင်း(၁၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲ ကာလမှာ မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် ဟန့်တားမှုများမဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများမဖြစ် ပေါ်စေရေးအတွက် လှည့်ကင်း/ရပ်ကင်းများဖြင့် လုံခြုံရေးများကို ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်းနှင့် အထူးရဲများကို စက်တင်ဘာလ အတွင်း သင်တန်းများဖွင့်လှစ်ပို့ချပေးသွားမှာဖြစ် ကြောင်း မြို့မရဲစခန်းမှ သိရှိရ သည်။
အဆိုပါခန့်အပ်ထားသော အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁၅) ရက်နေ့အထိ ရက်ပေါင်း(၄၆)ရက်ခန့်အပ်တာဝန်ပေးအပ်ပြီး ထိုကာလအတွင်း တာဝန်ထမ်းဆောင်ရ သည့်အတွက် လစာများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)