ကျောက်ပန်းတောင်း နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ညတွင်ကြယ်စုံချိန်တွင် ဆေးပေါင်းခသည့် သဘာဝဓာတ်စာအဖြစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ယုံယုံကြည် ကြည်စားသုံးလေ့ရှိသည့်၊ ဆေးဖက်ဝင် မယ်ဇလီဖူးများကို တန်ဆောင်မုန်းလဆန်းမှစ၍ ဆွတ်ခူးရောင်းချ လျက်ရှိနေကြရာ၊ မယ်ဇလီဖူးဆွတ်ခူးရောင်းချခြင်းဖြင့် ကျေးရွာမိသားစုများအတွက် အပိုဝင်ငွေ ရရှိနေကြကြောင်းသိရသည်။
“သာရကောမုဒိ” ဆေးကျမ်းတွင်ပြဆိုချက်အရ၊ တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စောင့်သောနတ်တို့သည် မယ်ဇလီပင်စောင့်နတ်အား တညီတညွတ်တည်း လာရောက်ခစားကြသည်။ သို့ဖြစ်၍ တန်ဆောင်မုန်းလပြည့်ညတွင် အဆိုပါမယ်ဇလီပင်မှ အဖူးတို့အား စားသုံးပါက (၉၆)ပါးသော ရောဂါများ ကင်းရှင်းပြီး၊ ဘုန်းကြီး၍ အသက်ရှည်စေနိုင်သည်ဟု မြန်မာလူမျိုးတို့ယုံကြည်ခဲ့ကြပေသည်။ သို့ဖြစ်၍တန်ဆောင်မုန်းလအခါသမယရောက်တိုင်း ကျေးရွာများမှ လူငယ်များ၊ မိသားစုများ စုပေါင်း၍ လမ်းဘေး ဝဲ/ယာရှိ မယ်ဇလီပင်များနှင့် မြို့ပေါ် လမ်းမဘေးရှိ မယ်ဇလီပင်များတွင် တန်ချူဖြင့် တက်၍ ချူသူက ချူ၊ အပင်အောက်ရောက်လာသည့် အဖူးအပွင့်များကို အောက်မှ လူများက အခင်းတစ်ခုခုပေါ်တွင် စုပုံ၍ အဖူးများကိုရွေး၍ ချွေသူကချွေဖြင့် မိသားစု အပိုဝင်ငွေရရှိရေး မော်တော်ဆိုင်ကယ်များဖြင့် လှည့်လည် ခူးဆွတ်ကြသည်ကို တွေ့မြင်ကြရပေသည်။ “ကျွန်မတို့က ရေထွက်ကျေးရွာက လာတာပါ။ ဒီကျောက်ပန်းတောင်းမြို့နယ်ကပါပဲ။ နှစ်တိုင်းလည်း ဒီအချိန်ဆို ကျွန်မတို့ အဖော်တွေနဲ့ မယ်ဇလီပင်တွေ လိုက်ဆွတ်ကြတာပဲ။ ဒီအချိန် ယာထဲ ချောင်းထဲကလည်း အလုပ်ပါးတော့ ဆီဖိုးရရ…ဆန်ဖိုးရရလုပ်ရတာပေါ့။ ကျွန်မတို့က ဒီခူးလာတဲ့အဖူးတွေကို အိမ်ရောက်ရင် အရင်ဆေးကြောပြီး ပြုတ်ပစ်သေးတယ်…ပြုတ်ပြီးသားမှ ရောင်းရတာပါ…အခုလောလောဆယ်တော့ တစ်ပြည်ကို ၁၅၀၀ကျပ်ရပါတယ်… အဖိတ်နေ့နဲ့ တန်ဆောင် မုန်းလပြည့်နေ့ဆိုရင်တော့ မပြောတတ်သေးဘူး…” ဟု မယ်ဇလီဖူး ဆွတ်ခူး ရောင်းချသူတစ်ဦးက ပြောပါသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ညောင်ဦးလမ်း၊ ပုပ္ပားလမ်း၊ ရေနံချောင်းလမ်းနှင့်မိတ္ထီလာလမ်းအထွက်များရှိ လမ်းဘေး ဝဲ/ယာများတွင် မယ်ဇလီပင်များ အစီအရီ ပေါက်လျှက်ရှိပြီး၊ ယခုလို အဖူး/အပွင့်လှိုင်သည့်ရာသီတွင် လမ်းတိုင်းလမ်းတိုင်း အဝါရောင်မယ်ဇလီပင်များကို လှပစွာမြင်တွေ့ရလေ့ရှိပြီး၊ အဆိုပါအပင်များတွင်လည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက်၊ ညောင်ဦးနယ်ကျေးရွာများမှ မယ်ဇလီဖူး ဆွတ်ခူး ကြသူများ၊ ကျောက်ပန်းတောင်းနယ်ကျေးရွာများမှ မယ်ဇလီဖူး ဆွတ်ခူးကြသူများကို နှစ်ဦး/သုံးဦး သော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း တွေ့မြင်ရလေ့ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)