၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ပြင်ဦးလွင် နိုဝင်ဘာ ၁

၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၈)နာရီက ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား)  အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(၁၆) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဘုရားရင်ပြင်တော်တွင် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့နံနက် (၅) နာရီအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ တန်ဆောင်မုန်း လပြည့်နေ့ညနေပိုင်းတွင် ဘုရားရင်ပြင်တော်တွင် ဆီမီး (၉)ထောင်ထွန်းညှိပူဇော်ခြင်း၊ နေ့အရုပ်လှမီးပုံးပျံများ၊ စိန်နားပန်မီးပုံးပျံများနှင့် ညမီးကျည်မီးပုံးပျံများ လွှတ်တင်ခြင်းများ ထည့်သွင်းယှဉ်ပြိုင်လျက်ရှိပြီး ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများကို မီးပုံးပျံကွင်းအတွင်း နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို ဆုများထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင် (ပြန် /ဆက်)