မြင်းခြံ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည်အကြို သံဃာတော်များအား အာရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့နံနက် (၅) နာရီအချိန်က မြင်းခြံမြို့ ပုညသဟာယ နေ့စဉ်အာရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။
“နိုဝင်ဘာလ (၇)ရက်နေ့တွင်ကျရောက်မည့် ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည်အကြိုအဖြစ် မြင်းခြံမြို့ ပုညသဟာယ နေ့စဉ်အာရုဏ်ဆွမ်း လောင်းအသင်းမှာ မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အာရုဏ်ဆွမ်းလောင်းလှူခြင်းဖြစ်ပါတယ်။ နိုဝင်ဘာလ (၄) ရက်နေ့မှာလည်း မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားမှာ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအပြင် ကုသိုလ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်းသွားမှာဖြစ်ပါတယ်” ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်က ပြောသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အာရုဏ်ဆွမ်းလောင်းလှူရာတွင် မြင်းခြံမြို့အတွင်းရှိ သံဃာတော် အပါး(၁၀၀၀)ခန့်အား ပဲထမင်း၊ ကြက်သားကြော်၊ ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ်များအား လောင်းလှူခဲ့ကြသည်။ ထို့နောက် ကျိုက်ထီးရိုးကျောင်းဆရာတော် ဦးပဏ္ဍဝထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)