ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်

စစ်တွေ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်း ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုကဲ့သို့ လူမှုစီးပွားဘဝ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်ကြစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပေးသည့် အခြေခံသင်ခန်းစာများကို စိတ်ဝင်စားစွာ လေ့လာသင်ယူပြီး တတ်မြောက်လာသော အခြေခံစက်ချုပ်ပညာရပ်များမှတစ်ဆင့် လုပ်ငန်းခွင် ဝင်နိုင်သည့်အဆင့်ဖြစ်အောင် လေ့ကျင့်ကြိုးစားသင်ယူကြရန် သင်တန်းဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြင့်ကြွယ်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊  သင်တန်းသူ ၂၀ ဦးတက်ရောက်လျက်ရှိပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ တစ်လကြာသင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)