ငါန်းဇွန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ငါန်းဇွန် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်ရန် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုတို့မှ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အလျှင်အမြန်ထောက်ပံ့ပေးအပ်ရန် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ နှစ်သောင်းကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း (၂၄၂၁၈)စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် တတိယအကြိမ် ထောက်ပံ့ငွေ (၄၈၄၃၆၀၀၀၀)ကျပ် ကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)