ပန်ဆိုင်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားရာတွင် စုပေါင်းဘုံကထိန်ကို ယခင်နှစ်က ကျင်းပခဲ့သည့်အတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခု မြို့နယ်ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရရှိလာမည့်ပဒေသာပင်များကို စုပေါင်းပြီး အဖိတ်နေ့တွင် လှည့်လည်ကာ တန်ဆောင်းမုန်းလပြည့်နေ့တွင် ရေစက်ချတရားတော်နာကြားပြီး စာရေးတန်မဲပြုလုပ်၍ ကျရာဘုန်းတော်ကြီးကျောင်းများကို လှုဒါန်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်ဆိုင်း(ကြူကုတ်) မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းမှ သံဃာတော်များ၊ စာချကိုယ်တော်များနှင့် ကိုရင်များအတွက် ဆွမ်းဆက်ကပ်နိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ပန်ဆိုင်း(ကြူကုတ်) မြို့အတွင်း၌ စုပေါင်းမဟာ ဘုံကထိန်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၄) ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂) ကျောင်းသို့ ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့မဲကျသည့်ကျောင်းကို ပဒေသာပင်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)