ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

ဒဂုံတောင် နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်စခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ကယ်ဆယ်ရေးပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းမှပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားကြစေလိုကြောင်းစသဖြင့် ပြောကြားသည်။ 

ထို့နောက် သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ယူနီဖောင်းများ ပေးအပ်ကြရာ သင်တန်းသားများ လက်ခံရယူကြသည်။ သင်တန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး အပိုင်း(၂)ပိုင်းခွဲ၍ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များမှာ အခြေခံစစ်ရေးပြဘာသာရပ်၊ မီးလောင်မှုသဘောတရားမျာ၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ အဆင့်မြင့်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများဖြင့် လေ့ကျင့်ခြင်း စသည်တို့ကို သင်ကြားပြသသွားမည်ဖြစ်ရာ သင်တန်းသား ၅၀ ဦးတို့က တက်ရောက်သင်ကြားခဲ့ကြပြီး အဆိုပါ သင်တန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

သက်မင်းဟန်(ဒဂုံတောင်)