ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရပ်ရွာဖွံဖြိုးတိုးတက်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်(၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူဦးသန်းဝင်းက “ရှေးဦးစွာ လုံခြုံရေးအထူးသတိပြုရန်၊ မိမိရုံး၊ မိမိဝန်ထမ်း၊ မိမိမိသားစုနှင့် မိမိဌာန၊ ရုံးနှင့် မိမိမြို့နယ် အတွင်း လုံခြုံရေးကို မပေါ့ဆစေလိုကြောင်း၊ မိမိတို့မြို့နယ်ရပ်ရွာ အတွင်း စီမံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစစ်ကြောင်း (၅)ကြောင်းမှ ဆောင်ရွက်မှုအခြေအနေများကို တင်ပြကြစေ လိုကြောင်း၊ မိမိတို့၏ လုပ်ငန်း များကို ဆောင်ရွက်နေကြသော်လည်း အဆင့်ဆင့်သိရှိနိုင်ရန် တင်ပြပေး ရမှာဖြစ်ကြောင်း၊ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီးအကြိမ် (၃၀) မြောက် မြို့နယ်လုံးဆိုင်ရာ ကထိန်သင်္ကန်းကို အမှတ်(၅၁)ရပ်ကွက် မြဝတီမင်းကြီး (၁) လမ်းရှိ ပညာရာမပရိယတ္တိစာသင်တိုက်တွင် ၄-၁၁-၂၀၂၂ ရက်နေ့တွင် ဆပ်ကပ်လှူဒါန်း သွားမည် ဖြစ် ကြောင်းရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာများမှ မိမိတို့ စစ်ကြောင်းများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ညနေ ၄ နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)