ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွဲ့စည်းထားသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မီးသတ်ပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်ရည်ရွယ်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို  ယနေ့ နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းအောင် ကအဖွင့် အမှာစကားပြောကြားခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကံပိုက မီးသတ်ဦးစီးဌာနသည် ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် သ​န္ဓေမီးသတ် တပ်ဖွဲ့ဝင်များနည်းတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များကလည်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် စနစ်တကျ ထိထိရောက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား   (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁.၁၁.၂၀၂၂) ရက်နေ့မှ (၂၅.၁၁.၂၀၂၂) ရက်နေ့ထိ ကြာမြှင့်မည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)