ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

တာမွေ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က “ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်တဲ့  မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်တာဝန်များကို အစိုးရဝန်ထမ်း သန္ဓေ​မီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗိုလ်တထောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးညီညီက “ မီးသတ်သမိုင်းများအရ ပုဂံခေတ်၊ အနော်ရထာမင်းစောလက်ထက် အေဒီ(၁၀၄၄-၁၀၇၇)ခုနှစ်မှ စတင်၍ (သောသောညံ ပုဂံမီးဆော်မောင်း)ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ‘ မီးကပ်သား ’ဆိုပြီး ဖွဲ့စည်းတည်ရှိခဲ့ပါကြောင်း၊ ယနေ့ခေတ်ကာလမှာတော့ အစိုးရဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များကို ‘သန္ဓေမီးသတ်တပ်ဖွဲ့ ’  အဖြစ်လည်း​ကောင်း၊ မြို့နယ်များမှ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များကို ‘အရန်မီးသတ်တပ်ဖွဲ့ ’ အဖြစ်လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံနှင့် ကုမ္ပဏီများမှ မီးသတ်တပ်ဖွဲ့ဝင်များကို ‘သီးသန့်မီးသတ်တပ်ဖွဲ့ ’ အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များကဲ့သို့မဟုတ်ဘဲ ဗိုလ်တထောင်မြို့နယ်မှာ အထပ်မြင့်တိုက်တာ အဆောက်အဦများ၊  သိုလှောင်ရုံများ၊ အီလက်ထရောနစ်နှင့်ဆိုင်သော အရောင်းပြခန်းများ ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက်များပြားလာတာနှင့်အမျှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဟာ ယခင်ကလို သမားရိုးကျ ဆောင်ရွက်လို့မရတော့ပါကြောင်း၊ ဒါကြောင့် ဒီသင်တန်းကနေ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ ကြိုးချည် နည်းများ၊ မီးငြှိမ်းသတ်ရေးစနစ်များကို တက်ရောက်လာသော သင်တန်းသားများမှ သေသေချာချာ လေ့လာသင်ယူကြဖို့ အထူးမှာကြားလိုပါကြောင်း ”  စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအတွက် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ ဗိုလ်တထောင်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များ၊ စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစား အမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် မီးငြှိမ်းသတ်ရေး နည်းစနစ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ( ၁ ) ရက်နေ့မှ နိုဝင်ဘာလ( ၂ ) ရက်နေ့အထိ တစ်ပတ်လျှင်ငါးရက်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ သင်တန်းသား(၅၀)ဦးတို့အား သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ထက်တံခွန်(တာမွေ)