နမ္မတူ နိုဝင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က မိုးကြိုကာလ ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် များသောအားဖြင့် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ မိမိတို့ဒေသ အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင်နှင့် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်အချက်များ စသည့်ဖြင့် မိုးကြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းထိန်း (၅) ဒေါ်ကုဋေဦးက မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ပြင်ဆင်ရန်နည်းလမ်းများ၊ မြေပြိုမှုဖြစ်ပေါ် နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် နည်းလမ်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဒုတိယဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော် (ပြန်/ဆက်)