ပန်းဘဲတန်း နိုဝင်ဘာ ၁
မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စီစဉ်ကြီးကြပ်၍ ယနေ့ နံနက် (၉) နာရီတွင် ပန်းဘဲတန်းမြို့နယ် အထက-၁ ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောက်တံတားခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် မီးငြှိမ်းသတ်ရေးဆိုင်ရာ စွမ်းရည်မြင့်မားရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောက်တံတားခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ (၅၀) ဦး တက်ရောက်ပြီး မီးငြှိမ်းသတ်ရေး ပညာရပ်ဆိုင်ရာ လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေး ပညာရပ်ဆိုင်ရာလုပ်ငန်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ရက်သတ္တပတ် (၄) ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သတင်းရသည်။
ဦးဆန်းကြည်