ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီတွင် ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်သော အတွေ့အကြုံသစ်များရရှိပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့်ကျောင်းသား၊ ကျောင်းသူများအား Moderator များဖြစ်ကြသည့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးနှင့် ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ဆရာမ ဒေါ်နှင်းဝတ်ရည်ထွန်းတို့မှ ဦးဆောင်မိတ်ဆက်ပေးကာ ကျောင်းသား၊ မောင်သာထက်နိုင် Grade-10(D)က လူငယ်နှင့်စာပေ၊ မကြယ်စင်ရွှေပြည် Grade-10(D)က လူငယ်နှင့်ကျန်းမာရေး၊ မဆုအိမြစန်းGrade-9(A)က လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်ကောင်းစည်သူ Grade-9(B)က လူငယ်နှင့်အားကစား၊
မောင်အောင်ကောင်းပြည့် Grade-11(A)က လူငယ်နှင့်နည်းပညာ၊ မအိန္ဒနီလာထွန်း Grade-11(A)က လူငယ်နှင့်ပညာ၊ ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသွယ်သွယ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကမာရွတ်မြို့နယ်လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ( ၃၀၀ )ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)