လူငယ်စကားဝိုင်း ကမာရွတ်မြို့နယ်၌ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉) နာရီတွင် ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်း ပညာ့ဗိမာန်တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက  လူငယ်စကားဝိုင်း ကျင်းပပေးရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသွယ်သွယ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးနှင့် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ဆရာမ ဒေါ်နှင်းဝတ်ရည်ထွန်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးကြသည်၊ လူငယ်စကားဝိုင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား ကျောင်းသူများထဲမှ  သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စန္ဒာမိုး