နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုင်းယု နိုဝင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊  ကျေးလက်ဒေသရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှု မရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော် ပွဲ ရေစက်ချအလှူမင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက ဝမ်တာကြန့်ကျေးရွာအုပ်စု၊ နမ့်ကုတ်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆင်ဆွဲပွဲတော်ကို လှူဒါန်းလိုသည့် ရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက်သော်လည်းကောင်း၊ အလှတန်ဆာဆင်ယင်ထားသည့် ဆင်ရုပ်များပြုလုပ်ပြီး အလှူပွဲ ကျင်းပသည့် ကျောင်းတိုက်သို့ ဆွဲ၍ ပို့ဆောင်လှူဒါန်းခြင်း၊ အလှူပုံးများဖြင့် စုပေါင်း လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုတို့အတွက် ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထိုပွဲတော်သို့ လာရောက်လည်ပတ်သော ဧည်သည်တော်များကိုလည်း ရိုးရာအစား အသောက်များနှင့် အလှူကျကျေးရွာတိုင်းရင်းသားများက ပျူငှာစွာ တည့်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ညပိုင်းတွင် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖေျာ်ဖြေတင်ဆက် ပေးခြင်း၊ ဈေးရောင်းဈေးဝယ်များနှင့် ပွဲလည်ပတ်သူများအတူ အထူးစည်ကားခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်