မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မဘိမ်း နိုဝင်ဘာ ၁             

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်းရှိ ပြည်သူများအား စစ်ကြောင်းကြီး ငါးကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာရုံးများတွင် ရုံးတွင်းရုံးပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားကြရန်၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ကြရန်၊ အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာအားကစားပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးနိုင်ရေးနှင့်လုပ်ငန်းများ အရည်အသွေးပြည့်ဝစေရေး ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

မျိုးမင်း(ပြန်/ဆက်)