တွံတေး နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁နာရီက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ရွှေဆံတော်ဂေါပကဘဏ္ဍာတော်ထိန်းဥက္ကဋ္ဌ ဦးမင်းလွင်က မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြရာတွင် ယခုနှစ်တွင်ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်ခြင်းကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်(၇)နာရီတွင် ရက်လုပ်ပူဇော်မှာဖြစ် ကာယခုနှစ်မှာ ပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဉ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို ရွှေဆံတော်စေတီတော်ရဲ့ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကို ယခုနှစ်မှာပြိုင်ပွဲမကျင်းပနိုင်ပေမယ့် ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားမှာဖြစ်ကြောင်း၊ တန်ဆောင်းမုန်းလပြည့်နေ့ ညနေ့၃နာရီအချိန်မှာ စေတီတော်ရင်ပြင်ရှိ သတ်မှတ် တန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရွှေဘော်က လိုအပ်ချက်များ ပြန်လည်ဖြည့်စွတ်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပွဲတော်လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ရှေးဟောင်းသမိုင်းဝင်ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်ပြိုင်ပူဇော်ပွဲအားယခင်က ရက်ကန်းစင် (၉)စင်ဖြင့် ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ရက်ကန်းစင်(၇)စင် မြို့နယ်အတွင်းရှိ ရှမ်းစုကြီး တစ်စင်၊ ညောင်တံခါးတစ်စင်၊ ငါးခုမ်းမစမ်းတစ်စင်၊ ရွှေဆံတော်တစ်စင်၊ ကျုံးကြီးတစ်စင်၊ စျေးသစ်တစ်စင်၊ကွမ်းခြံတစ်စင်စသည့် ရှမ်းလေးရွာမှ လှပျိုဖြူအမျိုးသမီး ရက်ကန်းအဖွဲ့(၇)ဖွဲ့က ပါဝင်ရက်လုပ်ပူဇော်သွားမှာဖြစ် ကြောင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား